မော်လမြိုင် မတ် ၆
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နေ့လည်(၁၅:၃၀)အချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက ပြည်ထောင်စု တရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား လည်းကောင်း၊ ပြည်နယ်တရားသူကြီး ဒေါ်ဌေးမြင့်အေးနှင့် ဒေါ်ညိုမီစံတို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ လမ်းညွှန်ဆွေးနွေးချက်များအား လည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မှာကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လည်းကောင်း ထပ်ဆင့်ဆွေးနွေးကြပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်ကြသည့် ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများက တရားစီရင်ရေးရာနှင့် စီမံခန့်ခွဲရေးရာကိစ္စရပ်များအား ဆွေးနွေး တင်ပြရာ ပြည်နယ်တရားရေးဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။