မော်လမြိုင်၊ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်တရားလွှတ်တော်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀-၁၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်ရှိ တရားရုံးအဆောက်အဦနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြသက်ဦး၊ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမအတွင်း၌ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ပြုလုပ်ရာ ဦးစွာဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်နှင့် ပတ်သက်သည့် Video Clip ကို ပြသသည်။ ယင်းနောက် အဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ ပြည်ထောင်စုတရားသူကြီးချုပ်က မွန်ပြည်နယ် တရားလွှတ်တော်အဆောက်အဦသစ် ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အဆောက်အဦပုံစံငယ် ကျောက်စီပန်းချီကားကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ပြည်ထောင်စုတရားသူကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ကြီးကို တရားလွှတ်တော် အင်္ဂါရပ်နှင့်အညီ ခံ့ညားထည်ဝါစွာ ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။