မော်လမြိုင် အောက်တိုဘာ ၃၀
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများ၏ (၁၂)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် ဆပ်ကပ်လှူဒါန်း ပူဇော်ပွဲအား ယနေ့နံနက် (၀၉:၃၀)နာရီတွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရွှေဟင်္သာကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး သံဃာတော်များအား ကထိန်သင်္ကန်းလျာနှင့် လှူဖွယ်ဝတ္တူပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေးစက်သွန်းချအမျှအတန်းပေးဝေခဲ့ပါသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများ၊ အမှုထမ်းများနှင့် အလှူရှင်များဆက်ကပ်လှူဒါန်းသော ပဒေသာပင်များအား ရွှေဟင်္သာကျောင်း၊ ရွှေစေတီကျောင်း၊ မြစေတီကျောင်း နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတို့အား ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ရာ ပစ္စည်းနှင့် အလှူငွေ စုစုပေါင်းတန်ဖိုးမှာ (၇,၁၀၅,၇၀၀)ကျပ် ဖြစ်ပါသည်။