မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး မော်လမြိုင်အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
မော်လမြိုင်၊ နိုဝင်ဘာ ၁၂
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ မော်လမြိုင်အချုပ်ထောင်သို့ သွားရောက်၍ အချုပ်သားများ၏ နေထိုင်စားသောက်မှုနှင့် အမှုရင်ဆိုင်နေရမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဦးစွာ အချုပ်ထောင်တာဝန်ခံအရာရှိက အချုပ်ထောင်အတွင်း အချုပ်သား/အချုပ်သူများ ထိန်းသိမ်းထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရုံးထုတ်စစ်ဆေးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့သည် အချုပ်ဆောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အချုပ်သား/အချုပ်သူများအား တွေ့ဆုံကာ အမှုစစ်ဆေးကြန့်ကြာမှု ရှိ၊ မရှိ၊ ဥပဒေပါ အခွင့်အရေးများ ရရှိမှု ရှိ၊ မရှိနှင့် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ရှိ၊ မရှိတို့ကို မေးမြန်း၍ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။