မော်လမြိုင် ၊ ဇူလိုင် ၂၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်များ ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြား ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက် (၉:၃၀) နာရီက မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးက (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု တရားသူကြီးချုပ်၏ တရားစီရင်ရေးဆိုင်ရာနှင့်စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနှင့်ဒေါ်ခိုင်ခိုင်မျိုးတို့မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များ၏ မှာကြားချက်များ၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းမှာကြားပြီး မွန်ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးမှ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာများ၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
