မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂ဝ၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီး မှူးများ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရား သူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃ဝ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် (၉:၃ဝ) နာရီက မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။


အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးက (၃ဝ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု တရားသူကြီးချုပ်၏ တရားစီရင်ရေးဆိုင်ရာနှင့်စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များ၊ အင်တာနက်လုံခြုံရေး နှင့် အချက်အလက်လုံခြုံရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များ၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒ ၊ ဦးတည်ချက်များနှင့် ဌာနက ချမှတ်ထားသော မူဝါဒ ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း၊ အမှုထမ်းများအားလုံး ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အမှုများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြန့်ကြာမှုမရှိစေရေး၊ အများပြည်သူ ယုံကြည်ကိုးစားသည့် တရားသူကြီးကောင်းများ ဖြစ်စေရေးနှင့် တရားစီရင် ရေးဂုဏ်သိက္ခာမြှင့်တင်စေရေး ၊ တရားသူကြီးများကျင့်ဝတ်နှင့်အညီ နေထိုင်ပြုမူကြရန်နှင့် နိုင်ငံတော်၏မူဝါဒ ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်များ အပေါ် အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ ၊ ဒေါက်တာအောင်သီဟ နှင့် ဒေါ်ခိုင်ခိုင်မျိုးတို့မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ မှာကြားချက်များ ၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းမှာကြားပြီး မွန်ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်ရုံးလုပ်ငန်းဆိုင်ရာများ ၊ တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ် တရားလွှတ်တော်၊ ခရိုင်တရားရုံးများနှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများ ၊တရားရေး အရာရှိများ စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ကြပါသည်။

