မော်လမြိုင် အောက်တိုဘာ ၂၅
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများ၏ (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆပ်ကပ်လှူဒါန်းပူဇော်ပွဲအား ယနေ့နံနက် (၀၉:၀၀) နာရီတွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟ၊ ဒေါ်ခိုင်ခိုင်မျိုး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး၊ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ရွှေစေတီကျောင်းဆရာတော်နှင့် ရွှေဟင်္သာကျောင်းမှဆရာတော်၊သံဃာတော်များ ကြွရောက်ကြပြီး ရွှေစေတီကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များအား ကထိန်သင်္ကန်းလျာ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ပါသည်။



ထို့နောက် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊တရားရေးဝန်ထမ်းများ၊ အမှုထမ်းများနှင့် အလှူရှင်များဆက်ကပ်လှူဒါန်းသော ပဒေသာပင်များအား ရွှေဟင်္သာကျောင်း၊ ရွှေစေတီကျောင်းနှင့် အစိုးရအဖွဲ့ရုံး စုပေါင်းမဟာဘုံကထိန်သို့ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ရာ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် အလှူငွေ စုစုပေါင်းတန်ဖိုးမှာ(၁၁,၃၁၀,၁၀၀) ကျပ် ဖြစ်ပါသည်။

